ဆောင်းတွင်း လည်ချောင်းနာတဲ့အခါ ဘယ်လိုသက်သာအောင် လုပ်မလဲ
လည်ချောင်းနာတာဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အထူးသဖြင့် ဆောင်းတွင်းအေးတဲ့ ရာသီမှာ ပိုပြီးကြုံရလေ့ရှိပါတယ်။
ဖျားနာတာ၊ ရာသီတုပ်ကွေးနဲ့ အတူ တွဲလာလေ့ရှိသလို ဖျားနာပြီးနောက်မှာလဲ လည်ချောင်းနာတဲ့ ဝေဒနာက ကျန်ခဲ့တတ်ပါတယ်။ တကယ်လို့ လည်ချောင်းနာတာက အချိန်ကြာတဲ့အထိ မသက်သာဘူး ပိုဆိုးလာတယ်ဆိုရင် ဘယ်လိုသက်သာအောင် လုပ်မလဲ?
(၁) ဆားရေနဲ့ ပလုတ်ကျင်းပါ
ဆားရေဟာ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်သလို ချွဲတွေကိုပျော်စေတယ် နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကိုလဲ သက်သာစေပါတယ်။ ဒါ့ကြောင့် ဆားရေ နွေးနွေးလေးက လည်ချောင်းနာခြင်းနဲ့ လည်ချောင်းယားယံခြင်းတွေအတွက် အမြန်ဆုံး သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။
(၂) ပျားရည်စစ်စစ်ကို သောက်ပါ
ပျားရည်က သဘာဝအနာကျက်ဆေးဖြစ်ပြီး နာကျင် ရောင်ရမ်းမှုတွေကို သက်သာစေတယ်၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို သက်သာစေတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ လည်ချောင်းနာပြီး ချောင်းဆိုးနေတဲ့အချိန်မှာ ပျားရည်စစ်စစ် အနည်းငယ်ကို ရေနွေးနွေးဘေးနဲ့ ဖျော်ပြီး သောက်ပေးပြီး သက်သာစေပါတယ်။ သံပုရာသီး (သို့မဟုတ်) သံပယိုသီးကို ထည့်ညှစ်ပေးရင် ချွဲတွေကိုကျစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးလို့ ပိုအစွမ်းထက်တာကို တွေ့ရပါတယ်။
(၃) Herbal tea သောက်ပေးပါ
Green tea ၊ Chamomile ၊ Peppermint tea စတဲ့ သဘာဝကရတဲ့ Herbal tea တွေဟာ ခန္ဓာကိုယ်တွင်း ရောဂါပိုးဝင်ရောက်တာကို တားဆီးပေးနိုင်သလို နာကျင်မှုတွေကို သက်သာစေပါတယ်။ အထူးသဖြင့် အသံဝင်ပြီး စကားပြောရခက်နေသူတွေ လည်ချောင်းကွဲအက်နေသူများအတွက် Herbal tea နွေးနွေးလေးတွေက အသင့်တော်ဆုံးပါပဲ။
(၄) ရေများများသောက်ပါ
ရေဓါတ်ခမ်းခြောက်တဲ့အချိန်မှာ လည်ချောင်းနာဝေဒနာက ပိုဆိုးနိုင်ပါတယ်။ ရေဓါတ်ပြည့်ဝနေချိန်မှာတော့ ချွဲသလိပ်တွေကို ပိုချေဖျက်နိုင်သလို လည်ချောင်းယားယံမှုနဲ့ နာကျင်မှုဝေဒနာတွေကိုလဲ သက်သာစေပါတယ်။ ဒါ့ကြောင့် ရေကို တစ်နေ့ ၃ လီတာပြည့်အောင် သောက်ပေးဖို့ လိုပါတယ်။
(၅) ကောင်းစွာ အနားယူပါ
အိပ်ရေးပျက်တာ၊ အပင်ပန်းခံတာတွေက ရောဂါပိုးဝင်ရောက်နိုင်ချေနဲ့ ဖျားနာနိုင်ချေကို ပိုများနိုင်သလို လည်ချောင်းနာနဲ့ နှာစေးချောင်းဆိုးလိုမျိုး တုပ်ကွေးရောဂါလက္ခဏာတွေကိုလဲ ပိုခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ပြည့်ပြည့်ဝဝအနားယူပေးဖို့က အရေးကြီးပါတယ်။
တကယ်လို့ ဒီအိမ်တွင်းနည်းလမ်းတွေနဲ့မှ လည်ချောင်းနာတာက မသက်သာဘူး… မခံမရပ်နိုင်အောင် ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အခုပြောခဲ့တဲ့ နည်းလမ်းတွေက ဆောင်းတွင်း မကြာခဏ လည်ချောင်းနာတတ်သူတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်နော်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)